ပြင်ပငွေကြေးဈေးကွက်မှာ ဒေါ်လာဈေးကျရိပ်အနည်းငယ်ပြခဲ့ပေမယ့် အမေရိကန်တစ်ဒေါ်လာကိုကျပ်၃၀၀၀အထက် ဈေးတန်းမှာပဲဆက်လက်ရှိနေတယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးရောင်းဝယ်သူတွေဆီကသိရပါတယ်
ဒီနေ့စက်တင်ဘာ၁၉ရက် နေ့လည်၁၂နာရီ ပြင်ပဒေါ်လာဈေးမှာတစ်ဒေါ်လာကိုကျပ်၃၂၀၀ကနေ၃၃၀၀ဝန်းကျင်မှာကြိုက်ရောင်းကြိုက်ဝယ်အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကတော့အမေရိကန်တစ်ဒေါ်လာရည်ညွှန်းဈေးကျပ်၂၁၀၀သတ်မှတ်ထားပြီး ငွေလဲကောင်တာအများစုမှာ ဒေါ်လာအရောင်းအဝယ်ပြုလုပ်ခြင်းမရှိဘဲ ပြင်ပဈေးကွက်မှာသာအရောင်းအဝယ်ပြုလုပ်မှုရှိတယ်လို့သိရပါတယ်
စက်တင်ဘာလအတွင်း ပြင်ပဒေါ်လာဈေးအနေနဲ့ကျပ်၃၂၀၀ကနေ၃၅၀၀ဝန်းကျင်မှာရှိနေခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့အပတ်ကတစ်ဒေါ်လာကျပ်၃၂၀၀ကအနိမ့်ဆုံးဈေးတန်းတစ်ခုဖြစ်ခဲ့တယ်လို့သိရပါတယ်
ဗဟိုဘဏ်အနေနဲ့ ဒေါ်လာသန်း၂၀၀ကိုလိုအပ်ချက်ရှိနေတဲ့ကဏ္ဍတွေမှာ ဖြည့်တင်းပေးထားတယ်လို့ဆိုပေမယ့် ပြင်ပဒေါ်လာဈေးကွက်မှာတော့တစ်ဒေါ်လာကျပ်၃၀၀၀ အောက်ကျဆင်းလာတာမရှိသေးပါဘူး
လက်ရှိဗဟိုဘဏ်အနေနဲ့နိုင်ငံခြားငွေတွေတရားမဝင်ရောင်းဝယ်နေတဲ့အွန်လိုင်းလုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့စည်းမျဉ်းတွေအရအရေးယူမယ်လို့သြဂုတ်၂၇ရက်စွဲနဲ့ထုတ်ပြန်ထားပါသေးတယ်